ရာသီလာချိန် ခံစားရတဲ့ ငိုချင်ချင် ပြဿနာ ဒီလိုဖြေရှင်းပါ
ရာသီလာချိန်မှာ စိတ်တိုစိတ်ဆတ်လွယ်တာ၊ အရာရာကို စိတ်တိုင်းမကျတာက အမျိုးသမီး တော်တော်များများ ဖြစ်လေ့ရှိတဲ့ အခြေအနေ တစ်ရပ်ပေါ့။ ဒါ့အပြင် နောက်ထပ် ရှိသေးတဲ့ ရာသီလာချိန် ခံစားရတဲ့ စိတ်အခြေအနေ တစ်ခုကတော့ ရာသီလာချိန်မှာ ငိုချင်သလိုလို ခံစားရတာပါ။
ရာသီလာချိန်မှာ မြင်နေကျ ဖြစ်နေကျ စိတ်ညစ်စရာ မြင်ကွင်း အတွေ့အကြုံလေးကိုတောင် စိတ်ထဲက မခံနိုင်ဘဲ ငိုချင်ချင် ဖြစ်လာတာပါ။ တစ်ခါတလေများဆို ငိုချင်ချင် ဆိုတာထက် ပိုပြီး ထိုင်ရင်း ချုံးပွဲချ ငိုလိုက်တာမျိုးတောင် ရှိတတ်ပါသေးတယ်။
ဒီလို ဖြစ်ရခြင်းတွေရဲ့ တရားခံကတော့ ကိုယ်တွင်း ဟော်မုန်း ပြောင်းလဲမှုတွေပါ။ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲတာက စိတ်ခံစားချက်ပေါ်မှာ သက်ရောက်မှု ရှိစေပြီး ငိုချင်ချင် ပြဿနာက စလာတော့တာပါ။
>> ဘယ်လို ဖြေရှင်းကြမလဲ
ရာသီလာချိန် ငိုချင်ချင် ဖြစ်တဲ့ ပြဿနာကို ပြေလည်စေဖို့ဆိုရင်တော့ အခုလို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလိုက်ပါ။
ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
ကိုယ်လက်လှုပ်ရှားမှုကို ပင်ပင်ပန်းပန်း မဟုတ်ဘဲ တစ်နိုင်လေး လုပ်ပါ။ ဒီလို လုပ်တာက ကိုယ်တွင်းက ဟော်မုန်းပြောင်းလဲမှုကို ထိန်းချုပ်စေနိုင်ဖို့ရော ပျော်ရွှင်ခြင်း ဟော်မုန်းတွေ ထွက်ရှိစေဖို့ပါ ထောက်ကူပေးမှာပါ။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပေးတာက စိတ်လက်ပေါ့ပါးစေပြီး ရာသီလာချိန် ငိုချင်ချင် ခံစားရတာကို သက်သာစေနိုင်ပါတယ်။
ဝင်လေထွက်လေ မှတ်ပါ
တိတ်ဆိတ်တဲ့နေရာမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး ဝင်လေထွက်လေကို မှတ်ပြီး အသက်ရှူလေ့ကျင့်ခန်းလေးကို ပုံမှန်လေး လုပ်ဆောင်ပေးတာက စိတ်တည်ငြိမ်အေးချမ်းစေပြီး ရာသီလာချိန် ငိုချင်ချင် ဖြစ်တာကို သက်သာစေမှာပါ။
အာဟာရပြည့်ဝအောင် စားပါ
ရာသီလာချိန်မှာ အာဟာရ ပြည့်ဝမျှတအောင် စားပေးတာက စိတ်ရောကိုယ်ပါ အားပြည့်စေပြီး ခြေကုန်လက်ပမ်းကျတာ ရာသီလာချိန်မှာ ငိုချင်ချင် ဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ အစားမစားဘဲ နေတာမျိုး ကော်ဖီတွေပဲ လှိမ့်သောက်နေတာမျိုး မလုပ်ဘဲ အာဟာရ ပြည့်ဝအောင် စားပေးပါ။
အနက်ရောင် ချောကလက် စားပါ
အနက်ရောင် ချောကလက်က ပျော်ရွှင်ခြင်းဟော်မုန်းတွေကို ထွက်ရှိစေပြီး ရာသီလာချိန်မှာ ငိုချင်ချင် ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန် စိတ်အခြေအနေ ကောင်းဖို့ဆိုရင် အနက်ရောင် ချောကလက် နည်းနည်းလောက် စားပေးပါ။
အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးမဝတာက စိတ်ဖိစီးတာ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်သလို ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျပြီး ငိုချင်ချင် ဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ စိတ်ခံစားမှု ကောင်းစေဖို့ အိပ်ရေးဝဝ အိပ်ဖို့ မမေ့ပါနဲ့။
သီချင်းမြူးမြူးလေးတွေ နားထောင်ပါ
သီချင်း နားထောင်တာက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်သလို စိတ်ခံစားမှု ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ငိုချင်ချင် ဖြစ်တာကို သက်သာစေဖို့ သီချင်းမြူးမြူးလေးတွေနဲ့ ကုစားလိုက်ပါ။
အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ ရာသီလာချိန် ငိုချင်ချင် ဖြစ်တာကို ဖြေရှင်းလို့ ရပါတယ်။
မွန်မွန်